Friday, May 28, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၄ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၎
နည်းလမ်းသစ်များ ရှာဖွေခြင်း
တရုတ်ပြည်သည် ၎င်း၏ ဗဟိုဦးစီး စီမံကိန်းစီးပွါးရေး စနစ်ကို စွန်.လွှတ်ပြီး လွတ်လပ်သည့်
ဈေးကွက်စီးပွါးရေး စနစ်သို. ပြောင်းလဲရမည်ဟု မည်ကဲ့သို. နိဂုံးချုပ် ကောက်ချက်ချခဲ့ပါသနည်း ။
ကျောက်သိနားလည် လက်ခံလာခဲ့သည့် အသိတရားက စတင်ခဲ့ခြင်းဖြစ်သည် ။ ပြည်နယ်
အုပ်ချုပ်ရေးမှုးတစ်ဦးအဖြစ် ကျေးလက်ဒေသ မူဝါဒများကို အကောင်အထည်ဖော်စဉ်က ပထမဆုံး
ရရှိလာသည့် အသိမှာ တရုတ်ပြည်၏ စီးပွါးရေးသည် ကြောက်စရာကောင်းလောက်အောင်ပင်
စွမ်းဆောင်ရည် ညံ့ဖျင်းနေပြီး အမြန်ဆုံး ပြောင်းလဲပစ်ရမည်ဆိုသည့် အချက်ဖြစ်သည် ။
၁၉၈၁ ခုနှစ် အမျိုးသားပြည်သူ.ကွန်ဂရက်တွင် အစိုးရအဖွဲ. အလုပ်အစီရင်ခံစာကို ကျွန်တော်တင်သွင်းခဲ့သည်။ “လက်ရှိစီးပွါးရေး အခြေအနေနှင့် စီးပွါးရေးဖွံ.ဖြိုးမှု အခြေခံသဘောတရားများ” ဆိုသည့်ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည် ။ အစီရင်ခံစာ၌ စီးပွါးရေး ဖွံ.ဖြိုးမှုကို ပို၍လက်တွေ.ကျ ၊ ပို၍စွမ်းရည်ထက်မြက်သည့် နှုန်းထားဖြင့် အကောင်အထည်ဖော်ရန်နှင့် ပြည်သူလူထုကို လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလာဒ်များဖြင့် ပံ့ပိုးပေးရန် ကျွန်တော်က အဆိုပြုခဲ့သည် ။
ဤဦးတည်ချက်ကို အထောက်အကူပြုရန်အတွက် အချက် ၁၀ ချက်ပါ စီးပွါးရေးဖွံ.ဖြိုးမှု လမ်းညွှန်ချက်ကို ကျွန်တော် အဆိုပြုခဲ့သည် ။ ဤသည်မှာ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ကျွန်တော်ပထမဆုံးပြောကြားသည့် အားလုံးကို ကျယ်ကျယ်ပြန်.ပြန်. ခြုံငုံ၍ပြောသည့် မိန်.ခွန်းဖြစ်သည် ။ ၎င်းကို ထိုစဉ်အချိန်က တချို.လူများက ကျွန်တော်၏ “အုပ်ချုပ်ရေး စည်းမျဉ်း”အဖြစ် ခေါ်ဝေါ်ပြောဆိုကြသည် ။
ယဉ်ကျေးမှုတော်လှန်ရေးအပြီး စီချွမ်ပြည်နယ်၌ ကျွန်တော်အလုပ်လုပ်နေစဉ်အတွင်း ကျွန်တော်သည် စီးပွါးရေးကို ရည်ရွယ်ချက်ရှိရှိဖြင့် လေ့လာခဲ့သည် ။ အသိတရားနှစ်ခု ကျွန်တော့်စိတ်ထဲ၌ ဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့သည် ။ တစ်ခုက စီးပွါးရေးကို နည်းလမ်းဟောင်းများဖြင့် စီမံခန်.ခွဲခြင်းသည် သင့်တင့်လျှောက်ပတ်သည့်နှုန်းထား ရရှိဖို.အတွက် အပေါ်ယံဆန်လွန်းပြီး ရလာဒ်အားဖြင့် စွမ်းဆောင်ရည်သည် အလွန်အမင်း နိမ့်ကျလွန်းသည့်အချက်ဖြစ်သည် ။ ပြည်သူတို.အနေဖြင့် လက်တွေ.ကျသည့် ရလာဒ်များ မခံစားရပေ ။ ဒုတိယအချက်မှာ စီးပွါးရေးပမာဏမှာ အလွန်တရာ ကြီးမားလှသော်လည်း နည်းလမ်းဟောင်းများသည် ၎င်း၏ အလားအလာအကုန်အစင်ကို မရရှိစေနိုင်ခဲ့ပေ ။ နည်းလမ်းဟောင်းများကို အခြေခံကျကျ ပြောင်းလဲပစ်ရန်အတွက် ဦးတည်ချက်အသစ်တစ်ခု ရှာဖွေဖို. လိုအပ်သည် ။
၁၉၈၁ ခုနှစ် အစိုးရအဖွဲ. အလုပ်အစီရင်ခံစာ၌ “အဓိက အကျဆုံးပြဿနာမှာ ထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး ၊ ဖြန်.ဖြုးရေးနှင့် စီးပွါးရေး၏ အခြားသော အခြင်းအရာများတွင် စွမ်းဆောင်ရည်ကို ဖြစ်နိုင်သည့် နည်းလမ်းအားလုံးဖြင့် မြှင့်တင်ရန်ဖြစ်သည်”ဟု ကျွန်တော်က အဆိုပြုတင်ပြခဲ့သည် ။
ထို.နောက် ကျွန်တော်က တရုတ်ပြည်သူ.သမ္မတနိုင်ငံ စတင်တည်ထောင်စဉ်မှစ၍ စီးပွါးရေးဖွံ.ဖြိုးမှုပြဿနာများကို ပြန်လည်ဝေဖန်သုံးသပ်ခဲ့သည် ။ ၁၉၅၂ ခုနှစ် (ပြည်တွင်းစစ်၏ဒဏ်မှ စီးပွါးရေး ပြန်လည်နလံထူလာသည့်နှစ်)နှင့် နှိုင်းယှဉ်လျှင် ၁၉၈၀ ခုနှစ်၌ စက်မှုထုတ်ကုန်မှာ ၈.၁ဆ ၊ ဂျီဒီပီမှာ ၄.၂ဆနှင့် မရွှေ.ပြောင်းနိုင်သည့် စက်မှုလုပ်ငန်းပိုင်ဆိုင်မှုမှာ ၂၆ဆ တိုးတက်လာခဲ့သည် ။ သို.သော်လည်း ပျမ်းမျှစားသုံးမှုမှာမူ ၂ဆမျှသာ တိုးတက်လာခဲ့သည် ။ မရွှေ.ပြောင်းနိုင်သည့် စက်မှုလုပ်ငန်းပိုင်ဆိုင်မှုမှာ အဆများစွာတက်လာခဲ့သော်လည်း စက်မှုထွက်ကုန်မှာ ထင်သလောက်တက်မလာခဲ့ပေ ၊ ဂျီဒီပီသည်လည်း ထိုနည်းလည်းကောင်းပင် တက်မလာခဲ့ပေ ၊ ပျမ်းမျှစားသုံးမှုမှာမူ ပို၍ပင်နည်းသေးသည် ။ ဂျီဒီပီ တိုးတက်နှုန်းသည် စိုက်ပျိုးရေးနှင့် စက်မှုထွက်ကုန်ပမာဏတို.ထက် အဆများစွာ နိမ့်ကျနေပြီး လူနေမှုအဆင့်အတန်း တိုးတက်မှုသည်လည်း ဂျီဒီပီ တိုးနှုန်းထက် သိသိသာသာပင် နိမ့်ကျနေသည် သို.သော် မရွှေ.ပြောင်းနိုင်သည့် စက်မှုလုပ်ငန်းပိုင်ဆိုင်မှုကမူ အဆပေါင်းများစွာ တိုးတက်ခဲ့သည် ။
ဤအချက်က ဘာကိုပြနေသနည်းဆိုသော် ကျွန်တော်တို.၏ စီးပွါးရေးသည် စွမ်းဆောင်ရည် နိမ့်ကျလှကြောင်း ဖော်ပြနေခြင်းဖြစ်သည် ။ လူနေမှုအဆင့်အတန်း တိုးတက်မှုသည် ပြည်သူတို.၏ ဖြည့်ဆည်းပံ့ပိုး စိုက်ထုတ်လိုက်သည့် လုပ်အားတို.နှင့်စာလျှင် အချိုးမညီပေ ။ ထို.ကြောင့် ကျွန်တော်တို.၏ စီးပွါးရေးနှင့်ပက်သက်သည့် အဓိက ပြဿနာမှာ ကျွန်တော်တို.၏ စွမ်းဆောင်ရည်ဖြစ်ပြီး ထုတ်လုပ်မှုနှုန်း တိုးတက်မှုနှင့် မပက်သက်ဟု ကျွန်တော်ယုံကြည်သည် ။
နောက်ပိုင်း၌ ၁၉၈၂ခုနှစ် တီယန်ဂျင်းတွင် ကျင်းပသည့် တစ်မျိုးသားလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် သယ်ယူပို.ဆောင်ရေး ကွန်ဖရင့်တွင် ကျွန်တော်က စီးပွါးရေး စွမ်းဆောင်ရည်နှင့် ပက်သက်၍ မိန်.ခွန်းပြောခဲ့သည် ။ “ကာလရှည်ကြာစွာ စွမ်းဆောင်ရည်ကို လျစ်လျှူရှုထားပြီး ထုတ်ကုန်ပမာဏနှင့် တိုးတက်မှုနှုန်း မြန်ဆန်ရေးကို မျက်စေ့မှိတ် အကောင်အထည်ဖော်မှုကြောင့် မဖြစ်နိုင်သည့် လုပ်ရပ်များစွာကို ပြုလုပ်မိစေခဲ့ကြောင်း ။ ကျွန်တော်တို.သည် ‘စက်မှုလုပ်ငန်းမှ သတင်းကောင်း ၊ အရောင်းဋ္ဌါနမှ သတင်းဆိုး ၊ ဂိုဒေါင်များ ပြည့်လျှံနေပြီး ဘဏ္ဍာရေးက လိုငွေပြ’စသည့် အခြေအနေကို မကြာခဏပင် ကျရောက်သွားတတ်ကြောင်း ။ အဆုံး၌ ကျွန်တော်တို.၏ ဘဏ်များသည် ဤအပေါက်ကို ဖာထေးရန် ငွေစက္ကူများကို ရိုက်ထုတ်ရပြီး နိုင်ငံနှင့်ပြည်သူထံသို. ဆိုးကျိုးများ သယ်ဆောင်လာစေခဲ့ကြောင်း” ကျွန်တော်က ထောက်ပြခဲ့သည် ။ ကျွန်တော်က စီးပွါးရေးစွမ်းဆောင်ရည်မြင့်မားရေးကို ချဉ်းကပ်နိုင်မည့် သဘောတရားကို အဆိုပြုခဲ့သည် ။ “လုပ်အားနှင့်ပစ္စည်းကရိယာ ရင်းမြစ်အင်အား အနည်းဆုံးကို အသုံးပြုပြီး အများပြည်သူ အမှန်တကယ် လိုအပ်နေသည့် ကုန်စည်များကို ပုထုတ်လုပ်ရမည်”ဟု အဆိုပြုခဲ့သည် ။ ဆိုလိုသည်မှာ အလဟဿဖြုန်းတီးမှုကို တတ်နိုင်သလောက်လျှော့ချပြီး ပြည်သူလူထု၏ ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ပေးရန်ဖြစ်သည် ။ အဓိကအချက်မှာ ကျွန်တော်တို. ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများသည် အမှန်တကယ် လိုအပ်နေသည့် ပစ္စည်းများ ဖြစ်ရမည် ။ သို.မဟုတ်ပါက ထုတ်လုပ်မှုနှုန်း တိုးတက်သည် ဆိုခြင်းမှာ အလဟဿဖြုန်းတီးမှု ပို၍များရုံမျှသာဖြစ်သည်ဟု အဓိပ္ပာယ် သက်ရောက်ပေလိမ့်မည် ။ ထုတ်လုပ်မှုနှုန်း တိုးတက်ရုံသက်သက်မျှ အတွက်ကိုသာ လုပ်ဆောင်ချက်များ အများအပြား ပြုလုပ်ခဲ့ကြသည် ။ စက်ရုံများသည် မည်သူကမျှ ဝယ်ယူလိုခြင်းမရှိသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ကြသည် ။ ထို.နောက် ဤကုန်စည်တို.ကို ဂိုဒေါင်များတွင် သိုလှောင်ထားလိုက်ကြပြီးလျှင် နောက်ဆုံး၌ အမှိုက်အဖြစ် အဆုံးသတ်သွားတော့သည် ။
စီးပွါးရေး စွမ်းဆောင်ရည်ကို မည်သို.မြှင့်တင်နိုင်မည်နည်း ။ ပြည်သူအများအတွက် သင့်တော်သည့် ကုန်ပစ္စည်းတို.ကို မည်သို.ထုတ်လုပ်မည်နည်း ။ ဤကိစ္စနှင့်ပက်သက်၍ နည်းလမ်းပေါင်းများစွာရှိသည် သို.သော် အခြေခံအကျဆုံးမှာ စီးပွါးရေးစနစ်နှင့် ဆက်စပ်နေသည် ။ အဖြေမှာ စီးပွါးရေးစနစ်၏ တည်ဆောက်ပုံကို ချိန်ညှိယူပြီး စနစ်ကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည် ။ တခြားနည်းလမ်း မရှိပေ ။
စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို ဤမျှအထိ စိတ်ဝင်စားပြီး ကျွန်တော့်ကိုယ်ကျွန်တော် ဤပြုပြင်ပြောင်းလဲရေး နည်းလမ်းများကို ရှာဖွေကြံဆဖို. နှစ်မြှုပ်ထားရခြင်း၏ အကြောင်းမှာ တရုတ်ပြည် စီးပွါးရေးစနစ်၏ ရောဂါဆိုးနှင့် ၎င်း၏အရင်းအမြစ်တို.ကို နှုတ်ပယ်ပစ်ရန် ကျွန်တော်ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည် ။ တရုတ်စီးပွါးရေးစနစ်၏ အားနည်းချို.ယွင်းချက်များကို မသိနားမလည်ပဲ ပြုပြင်ပြောင်းလဲရေးကို ကျွန်တော် ဤမျှအထိ တိုက်တွန်းမိကောင်းမှ တိုက်တွန်းမိပေလိမ့်မည် ။
ပြုပြင်ပြောင်းလဲရေးကို မည်သို.ဆက်လက် အကောင်အထည်ဖော်ရမည် ဆိုသည်နှင့်ပက်သက်၍ အစောပိုင်းကာလများက ကျွန်တော်၏ နားလည်မှုများမှာ အမှန်တကယ်ပင် ခပ်တိမ်တိမ်မျှသာဖြစ်၍ မသေချာ မရေရာ ဝိုးတဝါးနိုင်လှပါသည် ။ ကျွန်တော်အဆိုပြုခဲ့သည့် နည်းလမ်းများစွာသည် ရောဂါလက္ခဏာများကိုသာ သက်သာစေပြီး အ ခြေခံကျသည့် ပြဿနာများကို မဖြေရှင်းနိုင်ခဲ့ပေ ။
တရုတ်ပြည် စီးပွါးရေး၏ အားနည်းချို.ယွင်းချက်များကို အမြစ်ဖြတ် ဖယ်ရှားပစ်ဖို.နှင့် ပက်သက်၍ ကျွန်တော် လေးလေးနက်နက် သဘောပေါက်လာသည့် အချက်တစ်ခုမှာ စနစ်ကြီးတစ်ခုလုံးကို ဈေးကွက်စီးပွါးရေးစနစ်သို. ပြောင်းလဲပစ်ရန်နှင့် ဓနဥစ္စာပိုင်ဆိုင်မှုနှင့် ပက်သက်သည့် အခွင့်အရေးများကို ဖြေရှင်းရန်တို.ဖြစ်သည် ။ ဤအချက်ကို လက်တွေ.အတွေ.အကြုံများနှင့် အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် အမှားအယွင်းများကို ပြုပြင်ယူရင်းဖြင့် သိရှိလာခြင်းဖြစ်သည် ။
သို.သော် အခြေခံကျသည့် ပြဿနာမှာ မည်သည့်အရာနည်း ။ အစပိုင်း၌ ကျွန်တော်သိပ်ပြီး ကွဲကွဲပြားပြား နားမလည်ပါ ။ ကျွန်တော်၏ ယျေဘုယျနားလည်ချက်မှာ စွမ်းဆောင်ရည်ကို မြှုင့်တင်ရန်သာဖြစ်သည် ။ ဘေဂျင်းသို. ရောက်ပြီးနောက်ပိုင်း၌ ကျွန်တော်၏ စီးပွါးရေး မူဝါဒသည် ထုတ်လုပ်မှုစွမ်းအား တစ်ခုတည်းကို အကောင်အထည်ဖော် အားထုတ်ရုံ သို.မဟုတ် စီးပွါးရေးဖွံ.ဖြိုးမှုနှုန်း အမြန်ဆုံးတိုးတက်မှုကို အာရုံစိုက်ရုံမျှသာမက တရုတ်ပြည်သူတစ်ရပ်လုံး သူတို.၏ ပေးဆပ်အားထုတ်ခဲ့ရသည့် လုပ်အားနှင့်အညီ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလာဒ်များ ခံစားကြရစေရန်လည်း ပါဝင်သည် ။ ဤအချက်မှာ ကျွန်တော်၏ စမှတ်ဖြစ်သည် ။ ဖွံ.ဖြိုးမှုနှုန်း ၂ သို.မဟုတ် ၃ ရာခိုင်နှုန်း ဆိုသည်မှာ ခေတ်ရှေ.ရောက်နေသည့် ဖွံ.ဖြိုးပြီး အရင်းရှင်နိုင်ငံကြီးများအနေဖြင့် မဖြစ်နိုင်သည့်အချက်ဖြစ်သည် ၊ သို.သော်လည်း ကျွန်တော်တို.၏ စီးပွါးရေးသည် ၁၀ ရာခိုင်နှုန်းမျှ တိုးတက်လာစဉ်၌ ကျွန်တော်တို. ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမှာ တိုးတက်မလာခဲ့ပေ ။
ဤချဉ်းကပ်နည်းအသစ်ကို မည်သို.အကောင်အထည်ဖော်ရမည် ဆိုသည့်အချက်နှင့်ပက်သက်၍ ကြိုတင်ကြံဆထားသည့် ပုံစံငယ်သော်လည်းကောင်း စနစ်ကျသည့် စိတ်ကူးစိတ်သန်းသော်လည်းကောင်း ကျွန်တော့်တွင်မရှိခဲ့ပေ ။ စီးပွါးရေးစွမ်းဆောင်ရည်ကို မြှုင့်တင်လိုသည့် ဆန္ဒတစ်ခုတည်းမျှနှင့်သာ ကျွန်တော်စတင်ခဲ့ခြင်းဖြစ်သည် ။ ဤခံယူချက်သည် အလွန်အရေးပါသည် ။ အစမှတ်သည် စွမ်းဆောင်ရည် မြင့်မားဖို.နှင့် ပြည်သူအများ လက်တွေ.ကျသည့် ရလာဒ်များ ခံစားရစေရန်ဖြစ်သည် ။ ဤအချက်ကို ပန်းတိုင်အဖြစ်ထားရှိ၍ စမ်းသပ်ရှာဖွေမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး နောက်ဆုံး၌ သင့်တော်သည့် နည်းလမ်းကို တွေ.ရှိလာခဲ့သည် ။ ကျွန်တော်တို.သည် လမ်းကြောင်းမှန်ပေါ်သို. ဖြည်းဖြည်းချင်းရောက်ရှိလာခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 4 Finding a New Approach ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

No comments:

Post a Comment